Saturday, November 5, 2016

ဘယ်သူက သူပုန်တွေပါလဲ


ဒီမိုတွေ နားမလည်ကြသေးတာက တိုင်းရင်းသားတို့ရဲ့ တော်လှန်ရေးဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုကတည်းက စတင်ခဲ့တယ်ဆိုတာပါပဲ။
ပင်လုံမှာ ပါဝင်ခွင့်မရခဲ့တဲ့ မွန်နဲ့ကရင်ခေါင်းဆောင်တွေက အောက်မြန်မာပြည်ကို ခွဲထုတ်ပြီး "မွန်ကရင်နိုင်ငံတော်"ထူထောင်ဖို့ ကြိုးစားခဲ့ဖူးတယ်။
ပင်လုံစာချုပ်ကို ဗမာခေါင်းဆောင်တွေက လက်တလုံးခြား လှည့်စားပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်မဲ့အစား တမတ်သားဖက်ဒရယ်ကိုပဲ ပေးခဲ့လို့ ပြည်တွင်းစစ်ဟာ အားကောင်းလာခဲ့တယ်။
၁၉၆၂ ခုနှစ်မတိုင်မီကတည်းက ပြည်တွင်းစစ်ဆိုတာ ရှိနေခဲ့တာပါ။ ဒါတောင် ကွန်မြူနစ်တော်လှန်ရေးကို ထည့်မပြောရသေးပါ။
အခု ဒီမိုအချို့က -
၁။ ပြည်သူ့အစိုးရစကားကို မနာခံတဲ့ စစ်တပ်တိုင်းကို "သူပုန်"လို့ သတ်မှတ်မှာ ဖြစ်ကြောင်း ရေးလာကြတာကို တွေ့မြင်ရပါတယ်။
၂။ ဒါပေမဲ့ ပြည်သူ့အစိုးရ၊ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ ဟုတ်မဟုတ် အရင်စိစစ်ရမှာ ဖြစ်တယ်။
၃။ ပြည်သူတို့တင်မြှောက်တဲ့အစိုးရကို အဲ့အစိုးရ ပေးတဲ့လစာကို စားပြီး အဲ့အစိုးရကို မနာခံခဲ့ရင် ဒါဟာ သူပုန်တပ်မတော်ပါ။ အခု မြန်မာ့တပ်မတော်ဟာ လက်ရှိဖွဲ့စည်းပုံအရ အစိုးရထက် အာဏာပိုရှိပါတယ်။ သူပုန်အကြီးစားပါ။
၎။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဖက်ဒရယ်ရရှိရေးဟာ အရေးပါပါတယ်။ ဒီမိုကရေစီအစိုးရ စစ်ခဲ့ရင်တောင် ပြည်ထောင်စုစစ်စစ် မဟုတ်ခဲ့ရင် အဲ့အစိုးရဟာ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားမပြုပါဘူး။ မပြုတဲ့အခါကျတော့ ဒီအစိုးရဟာ ဗမာလူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုမှာ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ ဒီအစိုးရကို လေးစားစရာမလိုဘူး။
၅။ တကယ်လို့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ပြီ၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီဆိုကြပါစို့ ဒီအချိန်မှာ လက်နက်ကိုင်တပ်မတော်တိုင်းဟာ အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို ဝင်ရောက်ကြရမှာ ဖြစ်တယ်။ မဝင်တဲ့တပ်ဟာ သူပုန်ပါပဲ။
၆။ လောလောဆယ်အခြေအနေအရ မြန်မာ့တပ်မတော်ဟာ သူပုန်တပ်မတော်ပါ။ ဒီမိုကရေစီကို လက်မခံသေးလို့ပါ။ မြန်မာအစိုးရဟာ ပြည်ထောင်စုစစ်စစ်ကို မထူထောင်သေးလို့ ပင်လုံစာချုပ်အရ သူပုန်အစိုးရသာ ဖြစ်တယ်။ ဒီသူပုန်အစိုးရနဲ့ သူပုန်တပ်မတော်ကို တော်လှန်ခြင်းမှာ မွန်မြတ်ပါတယ်။
ဒါကို သိကြဖို့ပါပဲ။
U Ravika