Saturday, December 8, 2012

ပြည်နယ်တွေက အားကစားကြယ်ပွင့်များ

By:BBC 
http://www.bbc.co.uk/burmese/sport/2012/12/121127_sports_stars_states.shtml
နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 22:56 GMT

လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏အားကစား လောကကို မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်လည် ရရှိသည့် (၁၉၄၈)ခုနှစ်တွင် စတင် ပေါက်ဖွားလာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ (၁၉၄၈) ခုနှစ် ဇူလိုင်(၂၉)မှ သြဂုတ်လ (၁၄)ရက် အထိ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ် ပွဲမှ စတင်ကာ နိုင်ငံတကာ အားကစား လောကထဲသို့ စတင် ဝင်ရောက်ခဲ့သည်။ ယင်းအိုလံပစ် အားကစားပွဲ ပြီးသည့်နောက် (၁၉၅၀-၅၁)ခုနှစ်တွင် စတင် ကျင်းပသည့် အာရှ အားကစားပွဲတွင် ပါဝင် ယှဉ်ပြိုင် ခဲ့သည်။ ယင်းနောက် (၁၉၅၉)ခုနှစ် တွင် စတင် ကျင်းပ ခဲ့သည့် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ဆင်နွှဲခဲ့သည်။
ကမ္ဘာ့အိုလံပစ်၊ အာရှ အားကစားပွဲတော်နှင့် ကျွန်းဆွယ် အားကစားပြိုင်ပွဲ တို့တွင် မြန်မာ အားကစားသမားများ ထိုက်သင့် သလောက် အောင်မြင်ခဲ့သည်။ အောင်မြင်သူများ ထဲတွင် တိုင်းရင်းသားများက ရှေ့တန်းမှ ပါဝင်ခဲ့သည်။ (၁၉၄၈)ခုနှစ် လန်ဒန်အိုလံပစ်သို့ မြန်မာနိုင်ငံမှ အားကစား(၃)ယောက်စေလွှတ်ခဲ့ရာ လက်ဝှေ့သမား စောဟာဒီမှာ ကရင်တိုင်းရင်းသားဖြစ်သည်။
(၁၉၅၉)ခုနှစ် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာ နိုင်ငံက ရွှေတံဆိပ်(၁၁)ခုဆွတ် ခူးခဲ့သည်။ ပြေးခုန်ပစ် အားကစား သမား(၅) ဦးက ရွှေတံဆိပ်(၅)ခု ဆွတ်ခူးခဲ့သည်။ (၄)ဦးမှာ ကချင် ပြည်နယ်မှ ဖြစ်သည်။ ဂရေစီကား၊ နော်ဖားယာ၊ ခင်ခင်ထွေး(အားလုံးဗန်းမော်)နှင့် အာဖူး (ကချင်တိုင်းရင်းသား) တို့ ဖြစ်သည်။ ပထမ ကျွန်းဆွယ် ရေကူး ပြိုင်ပွဲတွင် တစ်ဦးထဲ ရွှေတံဆိပ်(၂) ခု ဆွတ်ခူးခဲ့သည့် တင်အောင်နီ မှာလည်း ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့သား ဖြစ်သည်။ ထိုနည်း တူစွာ လက်ဝှေ့ ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူး ခဲ့ကြသည့် စတင်လေ မဂျစ်နှင့် မုတ္တမ အောင်ထွန်း တို့မှာလည်း ယခု မွန်ပြည်နယ်၊ ယခင် တနင်္သာရီတိုင်းသားများ ဖြစ်ကြသည်။ ယင်း ကချင် ပြည်နယ်မှ မွေးထုတ် ခဲ့သည့် အားကစား သမားများ အပြင် နိုင်ငံ့ ဂုဏ်ဆောင် ကချင် အားကစား သမားကြီး(၂) ဦး ရှိခဲ့သေးသည်။ ကချင် တိုင်းရင်းသားများ ဖြစ်ကြသည့် မြီတုန်နော် နှင့် ရှင်ဗွေဂမ်တို့ ဖြစ်ကြသည်။
(၁၉၅၈)ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲ မာရသွန် ပြိုင်ပွဲတွင် ပြည်ထောင်စုသား ကချင် မျိုးနွယ်စုဝင် မြန်မာ တာဝေး အပြေးသမားကြီး မြီတုန်နော်က ထိုခေတ် ထိုအခါက အာရှ မာရသွန် ပြေးပွဲ လောကတွင် အောင်မြင်မှုများ ရရှိနေကြသည့် နီပေါ၊ အိန္ဒိယနှင့် ဂျပန် တာဝေး အပြေးသမားများကို ကျော်ဖြတ်ကာ ဒုတိယ နေရာမှ ပန်းဝင်ခဲ့သည်။ စံချိန်မှာ (၂) နာရီ (၃၂)မိနစ် (၅၅)စက္ကန့်ဖြစ်သည်။ (၁၉၆၂)ခုနှစ် ဂျာကာတာ အာရှ အားကစားပွဲတွင်လည်း တတိယဆု ရခဲ့သေးသည်။ မြီတုန်နော် နည်းတူ အောင်မြင် ကျော်ကြားခဲ့သည့် ကချင် မျိုးနွယ်စုဝင် မြန်မာ နိုင်ငံ့ ဂုဏ်ဆောင် တာဝေး အပြေး သမားကြီး တစ်ဦးမှာ ရှင်ဗွေဂမ်ပင် ဖြစ်သည်။
ရှင်ဗွေဂမ်သည် အာရှ အားကစားပွဲ (၁၉၇၀)တွင် မာရသွန် ပြေးပွဲ တတိယ၊ ကျွန်းဆွယ် ပြိုင်ပွဲများတွင် မီတာ(၁၀ဝ၀ဝ)နှင့် မာရသွန် ပြိုင်ပွဲများ တွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၄)ခုနှင့် ကြေးတံဆိပ်(၁)ခု ဆွတ်ခူးထားသူ ဖြစ်သည်။ မြီတုန်နော်နှင့် ရှင်ဗွေဂမ်တို့နှင့် အပြိုင် ထင်ရှား ကျော်ကြားသည့် တာဝေး အပြေးသမား တစ်ဦးမှာ အာဖူးပင် ဖြစ်သည်။ အာဖူးသည် ကျွန်းဆွယ် တာဝေးပြိုင်ပွဲများ၌ ရွှေတံဆိပ်(၃)ခုနှင့် ငွေတံဆိပ်(၁)ခု ဆွတ်ခူးခဲ့ သူဖြစ်သည်။ အပြေး အပြင် အပစ် ထူးချွန်သူ ကချင် တိုင်းရင်းသား တစ်ဦး မြန်မာပြေးခုန်ပစ် လောက၌ ရှိခဲ့ဖူးသည်။ သူကား နော်ဖားယာ ဖြစ်သည်။ (၁၉၅၉) ဘန်ကောက်ကျွန်းဆွယ်ပွဲ သံပြားဝိုင်းပစ်၌ (၄၂ .၆၈) မီတာ ဖြစ်ကာ ရွှေတံဆိပ် ရပြီး သံလုံးပစ်၌ ဒုတိယ ရခဲ့သည်။ (၁၉၆၁)ရန်ကုန် ကျွန်းဆွယ် တွင်လည်း သံပြားဝိုင်းပစ်၌ ငွေတံဆိပ် ရခဲ့သည်။ ကချင်ပြည်နယ်ဖွား အောင်စိုးခိုင် ကလည်း (၁၉၇၉)ဂျာကာတာ ဆီးဂိမ်းစ်နှင့် (၁၉၈၁)မနီလာ ဆီးဂိမ်းစ် တို့တွင် မီတာ(၃၀ဝ၀)တားဆီး ကျော်ပြေးနှင့် မီတာ(၅၀ဝ၀)တို့တွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ (၁၉၇၉၊ ၁၉၈၁ နှင့် ၁၉၈၃) ဆီးဂိမ်းစ် တို့တွင် ငွေတံဆိပ်ဆု(၃)ခုဆွတ်ခူးခဲ့သည်။ ကချင် ပြည်နယ်ဖွား တိုင်းရင်းသားတို့ မှာ မြန်မာ နိုင်ငံသား အခြား တိုင်းရင်းသားများနှင့်အတူတကွ လက်တွဲကာ မြန်မာ ပြေးခုန်ပစ် လောကကို ရွှေရောင် လင်းစေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ပြေးခုန်ပစ် သာမက အခြားသော အားကစား နည်းများ ဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော စသည့် အားကစား နည်းတို့တွင်လည်း ကချင် ပြည်နယ်က မြန်မာ့ လက်ရွေးစင် အားကစားသမားများ မွေးထုတ် ပေးနိုင်ခဲ့သည်။
ဘောလုံး
ကချင် ပြည်နယ်ဖွား ဘောလုံး သမားများသည် မြန်မာ လက်ရွေးစင် အသင်းတွင် ပါဝင်ပြီး ခြေစွမ်း ပြနိုင်ခဲ့ ကြသည်။ ကချင် ပြည်နယ်ကထွက် မြန်မာ့ လက်ရွေးစင် ဘောလုံးသမား များ ထဲတွင် ချစ်လှိုင်က ဦးဆောင်ခဲ့သည်။ ယင်းနောက် ဝင်းမောင် (ပြည်သူ့ရဲ)နှင့် ဟန်သိန်း (ဘဏ္ဍာအခွန်)တို့မှာ ထင်ရှား ကျော်ကြားသည့် မြန်မာ့ လက်ရွေးစင် ဘောလုံး သမားများ ဖြစ်ကြသည်။ သူတို့နှစ်ဦး နောက်တွင်လည်း စိုးမိုးကျော်၊ ဇော်ထိုက်တို့ အပြင် လက်ရှိ မြန်မာ အမျိုးသားလိဂ်တွင် လက်ရွေးစင် ဖြစ်သည့် ရတနာပုံ အသင်းက အောင်ကျော်မိုးသည်လည်း ကချင် ပြည်နယ် မြစ်ကြီးနားက ဖြစ်သည်။
ဘတ်စကက်ဘောနှင့် ဘော်လီဘော
ဘတ်စကက်ဘောနှင့် ဘော်လီ ဘောအားကစား နည်းများတွင်လည်း ကချင် ပြည်နယ်ဖွား တိုင်းရင်းသားများ ပါဝင်ခဲ့ ပါသည်။ မြန်မာ အမျိုးသမား ဘောလီဘော အသင်း၌ ဆိုလျှင် စန်းစန်းဖေ၊ ဘေဘီ တို့မှာ ကချင်ပြည် နယ်က ဖြစ်သည်။ ထိုနည်း တူစွာ အမျိုးသား အသင်းတွင် ဆိုလျှင် ကျော်ညွှန့်မိုး၊ ဘတ်စကက်ဘော အသင်း၌ ဝေဝေချန်း၊ ကြည်ကြည်လွင် တို့မှာ ထင်ရှားသည့် ကချင် ပြည်နယ်ဖွား အမျိုးသမီးများ ဖြစ်ကြသည်။ အမျိုးသား အသင်းတွင်တော့ မောင်မြင့်စိန် ဖြစ်ပါသည်။ အခြားသော ကချင် ပြည်နယ်ဖွား အားကစား သမားများလည်း ကျန်ပါသေးသည်။
ကယားပြည်နယ်
ကယား ပြည်နယ်သည် အားလုံး သိကြသည့် အတိုင်း ပြည်နယ်လေး တစ်ခုသာ ဖြစ်ပါသည်။ သို့သော် ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် လက်ရွေးစင် အားကစား သမားများစွာ မွေးထုတ်ပေး နိုင်ခဲ့ပါသည်။ ဘောလုံး၌ ဟန်ထွန်း(ကြည်း)မှာ ကယား ပြည်နယ် လွိုင်ကော်ကပင် မဟုတ်ပါလား။ တင်အေး (ဘတ်စကက်ဘော)၊ ထွန်းငွေ(ဘော်လီဘော)၊ မြင့်ဋ္ဌေး (လမ်းလျှောက်)တို့သည် လည်း ကယား ပြည်နယ်မှ မြန်မာ့ လက်ရွေးစင်များ ဖြစ်ပါသည်။ ကယားပြည်နယ်၏အထူးချွန်ဆုံး၊ အအောင်မြင်ဆုံး အားကစား သမားတစ်ဦးမှာ ကမ္ဘာ့ အငယ်တန်းတိုက် ကွမ်ဒို ပြိုင်ပွဲ၌ ရွှေတံဆိပ် ရခဲ့သည့် ကယား အမျိုးသမီးလေး တစ်ဦးပင် ဖြစ်ပါသည်။ ကယား မျိုးနွယ်စု အမည်ဖြစ်တော့ သတိ မရတော့ပါ။
ကရင်ပြည်နယ်
ကရင် ပြည်နယ် ကလည်း မြန်မာ လက်ရွေးစင် အားကစား သမားပေါင်း များစွာ မွေးထုတ်ပေးခဲ့ပါသည်။ အထူး သဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ လက်ဝှေ့ အားကစား နည်းများတွင် ကရင် ပြည်နယ်ဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ပါဝင်ခဲ့ကြပါသည်။ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းတွင် ဆိုလျှင် စောကလိုက်၊ စောပယ်ရီဒွေး၊ စောထူးဝါး၊ ဟင်နရီသိန်း၊ စောနီ၊ စောမြဇင်၊ စောသောင်းတင် တို့သည် ထင်ရှား ကျော်ကြားသည့် မြန်မာ လက်ရွေးစင် ဘောလုံး သမားများ ဖြစ်သည်။ လက်ဝှေ့ အားကစား နည်းတွင် ဆိုလျှင်လည်း စောအာဒီ၊ စောရူဘီ တို့မှာ ကရင် အမျိုးသားများ ဖြစ်ကြသည်။ ပြေးခုန်ပစ် အားကစားန ည်းတွင်တော့ နော်ရီနာမြ၊ မခင်အုန်း၊ ဆာလောလ၊ စောဟိန်းရွှေ၊ နော်ကာပေါ ဖော့တို့သည် နိုင်ငံတကာ အားကစား ပြိုင်ပွဲ များတွင် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အတွက် ဆုတံဆိပ်များ ဆွတ်ခူး ပေးနိုင်ခဲ့ကြသည့် ကရင် ပြည်နယ်သူ၊ ပြည်နယ်သားများ ဖြစ်ကြ ပါသည်။
ချင်းပြည်နယ်
ချင်းပြည်နယ်မှ မြန်မာ့ ဂုဏ်ဆောင် အားကစားသမားများ အနက် လတ်တလော ကာလ အတွင်း ထူးချွန် ထင်ရှားသူ မှာ (၂၀၁၁) ဂျာကာတာ ဆီးဂိမ်းစ်တွင် ရွှေတံဆိပ်(၃)ခု ဆွတ်ခူး နိုင်ခဲ့သည့် မြန်မာ အမျိုးသမီး မြားပစ်မယ် အောင်ငှိမ်းပင် ဖြစ်ပါသည်။ မအောင်ငှိမ်း နည်းတူ မြန်မာ့ ဂုဏ်ဆောင် ချင်းတိုင်းရင်းသား အားကစား သမားများမှာ လက်ဝှေ့တွင် ဒေါ်လာနှင့် နီနီ(ကြီး)၊ ပြေးခုန်ပစ်တွင် တာဝေး အပြေးသမား လှသိန်းနှင့် လက်ရွေးစင် ဘောလုံး သမား အချို့လည်း ထွက်ပေါ် ခဲ့ပါသေးသည်။
ရှမ်းပြည်နယ်
မြန်မာ့ အားကစား လောကကို အထောက် အကူ များစွာ ပြုခဲ့သည့် ပြည်နယ်များ ထဲတွင် ရှမ်းပြည်နယ်သည် လည်း အပါအဝင်ဖြစ်ပါသည်။ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ကြက်တောင် ရိုက်၊ ဘော်လီဘော၊ ဘတ်စကက် ဘော အားကစား နည်းများတွင် ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသား၊ ရှမ်းပြည်နယ်ဖွား အားကစား မောင်မယ်များ သည် မြန်မာ့ လက်ရွေးစင် အဖြစ်နှင့် နိုင်ငံ တကာ ပြိုင်ပွဲများတွင် များစွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ ပါသည်။
မွန်ပြည်နယ်
တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် မခွဲစဉ်က တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်မှ အားကစား မောင်မယ်များ သည် မြန်မာ့ လက်ရွေးစင် ကစားသမားများ အဖြစ် ပြည်ထောင်စု မြန်မာ နိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင် အောင်မြင်မှုများ ရယူခဲ့ကြပါသည်။ ပထမဆုံး အကြိမ် ကျင်းပသည့် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ လက်ဝှေ့ ပြိုင်ပွဲ တွင် ရွှေတံဆိပ် ရခဲ့ကြသည့် စတင်နီ မဂျစ်နှင့် မုတ္တမအောင်ထွန်း တို့မှာ မွန်ပြည်နယ်မှ ဖြစ်ပါသည်။ ဘောလုံး သမားများ ထဲတွင်လည်း ကျော်စိန်၊ ရောဘတ် ရင်ကျော်၊ မောင်အောင်၊ ဖေမြင့်၊ ကိုကိုကြီး၊ အောင်ခင်၊ စိုးမြင့် တို့မှာ မွန်ပြည်နယ်ထွက် ထင်ရှားသူများ ဖြစ်ပါသည်။ ပထမဆုံး အကြိမ် ကျင်းပသည့် အာရှ အားကစား ပွဲတော် ပြေးခုန်ပစ် ပြိုင်ပွဲတွင် မော်လမြိုင်သား အေးကြိုင် ပါဝင် ယှဉ်ပြိုင်ခဲ့ ပါသည်။ မွန်ပြည်နယ်မှ ထွက်ပေါ် လာသည့် ပြေးခုန်ပစ် အားကစား သမားများ ထဲတွင် အထူးချွန်ဆုံး သူမှာ သန်းသန်းပင် ဖြစ်ပါသည်။
ရခိုင်ပြည်နယ်
ရခိုင် ပြည်နယ် ကလည်း ဘောလုံး၊ ဘော်လီဘောနှင့် ပြေးခုန်ပစ် တို့တွင် မြန်မာလ က်ရွေးစင်များ မွေးထုတ် ပေးနိုင်ခဲ့ပါသည်။ ဘောလုံးတွင် မောင်မောင်ညွှန့်၊ ဘော်လီဘောတွင် ကျော်ဒင်၊ စိန်ဖြူအောင်၊ ပြေးခုန်ပစ် တွင် မြသူဇာ၊ ထွန်းဝင်းသိန်း၊ မခင်ပု၊ ကျော်မြင့်(လမ်းလျှောက်)၊ ခင်စိုး(မာရသွန်)တို့မှာ ရခိုင် ပြည်နယ်မှ မွေးထုတ် လိုက်သည့် ပြည်ထောင်စု မြန်မာ နိုင်ငံတော် ကိုယ်စားပြု လက်ရွေးစင် အားကစား သမားများ ဖြစ်ကြသည်။
စည်းလုံးညီညွှတ်မှု
ပြည်နယ် အသီးသီးမှ မွေးထုတ် ပေးလိုက်သည့် အကျော် အမော် ထူးချွန် ထင်ရှား သည့် အားကစား သမား များသည် တိုင်းအသီးသီးမှ အားကစား သမားများနှင့် စုပေါင်းကာ မြန်မာ နိုင်ငံ၏ အားကစား ရွှေရောင်ခေတ်ကို ထူထောင် နိုင်ခဲ့ကြသည်။
(မှတ်မိသမျှနှင့် ရှာဖွေ တွေ့ရှိသမျှ တင်ပြရခြင်း ဖြစ်ပါသည်။ ပြည်နယ်များမှ အားကစား မောင်မယ်များ ကျန်ရစ်ခဲ့ပါက ခွင့်လွှတ်ကြပါရန်)