Monday, December 3, 2012

လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ကေအိုင်အို၏ သဘောထား ထုတ်ပြန်

By: http://www.news-eleven.com

လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကေအိုင်အိုမှ သဘောထား ထုတ်ပြန်ခဲ့ပါသည်။ 

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် အချက်သုံးချက်ပါဝင်ခဲ့ပြီး ယင်းအချက်များမှာ (၁) ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူများသည် အစိုးရသစ်၏ လက်ထက်တွင် မိမိတို့၏ ဆန္ဒသဘောထားများအား ပွင့်လင်းစွာ ထုတ်ဖော်နိုင်မည်ဟု မျှော်လင့်လျက် ငြိမ်းချမ်းစွာ ဆန္ဒ သဘောထား ထုတ်ဖော်သည့် အစီအစဉ်များ ပြုလုပ်ရှိရှိပါသည် (၃) အာဏာပိုင်များ အနေဖြင့် နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများနှင့် သံဃာတော်များ  အများအပြား ထိခိုက် ဒဏ်ရာရရှိသည်အထိ အကြမ်းဖက်နှိမ်နင်းခဲ့သည်ကို တွေ့ရှိရပါသည်။ (၃) ကေအိုင်အို ဗဟိုကော်မတီသည် ဒေသခံ ပြည်သူများ၊ ထိခိုက် ဒဏ်ရာ ရရှိသော လူထုနှင့် သံဃာတော်များနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်းပါကြောင်းနှင့် ဤသို့ တရားမျှတမှု မရှိသော အကြမ်းဖက် နှိမ်နင်းမှုများကို ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။ 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဒေသခံများ ကျန်းမာရေးထိခိုက်ခြင်းနှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ဖျက်ဆီးခံရသည်ဟုဆိုကာ ၂၀၁၂ ခုနှစ် မတ်လမှစ၍ စီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သောကြောင့် အစိုးရမှတားမြစ်နယ်မြေအဖြစ် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ တားမြစ်ခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ သံဃာတော်များမှ ယင်းတားမြစ် ဧရိယာအတွင်း သပိတ်စခန်းများဖွင့်လှစ်ကာ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ပြီး အစိုးရက နိုဝင်ဘာလ ၂၇  ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထားကာ သပိတ်စခန်းများ ဖျက်သိမ်းပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့်  နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များအပါအ၀င် ရာဂဏန်းဝန်းကျင် ထိခိုက် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

ယခုကဲ့သို့ ဖြိုခွင်းခဲ့ခြင်းမှာ ၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်မှုများကို အကြီးမားဆုံး အင်အားသုံး ဖြိုခွင်းမှုဖြစ်ခဲ့ပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် လူပုဂ္ဂိုလ်များမှ ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၉၂/၂၀၁၂ ဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ နိုင်ငံရေးပါတီခေါင်းဆောင် ၂ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ၂ ဦး၊ အစိုးရ အရာရှိ ၈ ဦး၊ တပ်မတော်မှ အရာရှိကြီး ၁ ဦး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ၂ ဦး၊ စာရေးဆရာ ၁ ဦး၊ Myanmar Enviromental Institute မှ ၂ ဦး၊  မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ၁ ဦး၊ Myanmar Peace Centre မှ  ၁ ဦးနှင့် ဒေသခံ ၃ ဦးတို့ပါဝင်ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်တို့ ပါဝင်ခဲ့ပြီး လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်စဉ်အပြင် ယင်းဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးခဲ့သည့် ကော်မရှင်မှ ၈၈ မျိုးဆက်ကျောင်းသားများက အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ငြင်းဆန်ခဲ့မှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=16645:2012-12-03-05-46-10&catid=42:2009-11-10-07-36-59&Itemid=112